ချဉ်ပေါင်ခြံမှ ကြိုဆိုပါ၏

စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်ပါသဖြင့် စည်းကမ်းရှိအောင် မိမိကိုယ်မိမိလေ့ကျင့် ပျိုးထောင်ရမည်



Friday, March 16, 2012

တပေါင်းဦးရဲ့ ပန်းတပွင့်





နေ့မှာ 

 နှင်းစဲ နွေဦး
 လေရူးနဲ့ရွက်ဝါ
 ရွှေပိတောက်မျှော် ငုဝါပေါ်ချိန် 
ရာသီပန်းတွေနဲ့ အပြိုင်, 
အတူပွင့် ပန်းတပွင့် သန္တာလန်းစဉ်ခါမှာ.....

 ညမှာ 

 လဝန်းရယ်သာ 
မိုးယံ ကြယ်စုံ ညီညာ လင်းလက်ဖြာ
 တိမ်ကင်း လေငြိမ် ရာသီချိန်သည် 
အစုစုညီညှိ့ ပနံတင့်၏ 

ပန်းသန္တာ ပွင့်ဖူးခါထူး တပေါင်းဦး
 လောကအလှဆင် ပန်းတို့သခင် 

အခါထူး ရက်ထူး မွေးနေ့ဦးမှသည်
 နောင်နောက် နှစ်တစ်ရာသို့
 ကြည်အေးချမ်းမြ ဘဝလမ်းလှ 
နာဖျားကင်းစင် စိတ်ထားရွှင်လို့ 
လိုရာတခါ ပြီးပြည့်စုံစေ......... 


အီမားမိုးငွေ့ မွေးနေ့အမှတ်တရ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)

Wednesday, March 14, 2012

သာဝတ္ထိအကျော် "စမ"တောင်တော်

နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိမြို့အနီး "စမ"တောင်ပေါ်မှာ နှစ်ပေါင်း(၂၀)ကျော် ဖြစ်တည်စိုပြေ လာတဲ့ လူငယ်ဖွံ့ဖြိုးရေး ပျိုးဥယျာဉ်တစ်ခုကို မိတ်ဆက်ပေးပါရစေ။  ဘာသာတရားရဲ့ အေး ရိပ်၊ နှလုံးကြီးသူတို့ရဲ့ မေတ္တာစိတ်တွေနဲ့ ပေါင်းစပ် ဖြစ်တည်လာတဲ့ ပျိုးဥယျာဉ်ငယ်ဟာ ၁၉၉၀ခုနှစ်မှာ ရင်ခွင်မဲ့ ကလေးလေးဦးနဲ့ စတင်ခဲ့ပါတယ်။ "စမ"တောင်တော်ရဲ့ ထူးခြားဂုဏ်သတင်းကို ကြားဖူးပြီးဖြစ် သလို လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်ရှိကြောင်းလည်း သိရှိပြီးဖြစ်ချင် ဖြစ်ပေလိမ့်မယ်။ စဖွင့်ပြီးချင်း တလတွင်းမှာ ရင်ခွင့်မဲ့ ကလေးငယ်(၂၅)ဦးအတွက် ခိုနားရာအေးရိပ် ဖြစ်ခဲ့ပါတယ်။


လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်ကို စတင်အကောင်ထည်ခဲ့ သူ "စမ"တောင်တော် ဆရာတော် ဘဒ္ဒန္တဝိမလနဲ့ ဘဒ္ဒန္တညဏိန္ဒတို့ အရှင်မြတ်နှစ်ပါး ဖြစ်ပါတယ်။


 လက်ရှိအချိန်မှာပြောမကုန်တဲ့ အခက်ခဲပေါင်းစုံကြားတောတောင်တွေကြားထဲမှာ ရုပ်လုံးကြွလာတဲ့ လူငယ်ဖွံ့ဖြိုးရေး ပျိုးဥယျာဉ်ကို  ဂရုတစိုက်ြ ပုပြင်စောက်ရှောက်နေတဲ့ ဥယျာဉ်မှုးဖြစ်သူ အကြောင်းရင်ဖွင့် နားစွင့်ကြည့်လိုက်တော့လေးစားဂုဏ်ယူအားကျတုပချစ်စရာကောင်းလောက်အောင်မွန်မြတ်နေတာကိုတွေ့
ရပါတယ်။

 ဆရာတော်ဘဒ္ဒန္တညဏိန္ဒကသည် ၁၉၇၄ခုနှစ်မှာသမိုင်းအဓိကနဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ ဘွဲ့ယူခဲ့ပြီး ၁၉၇၈ခုနှစ်ခန့်အချိန်မှာ သာသနာ့ဝန်၊ ဘာသာရေးဝန်၊ လူငယ်အရေးဝန်စတဲ့ ဝန်တွေကို ထမ်းပြီး အများကောင်းကျိုး အလုပ်တွေ လုပ်နိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်္ကန်းဝတ်ရဟန်း တစ်ပါးဖြစ်ခဲ့ကြောင်း။ ရင်ခွင့်မဲ့ကလေးငယ်တွေနဲ့ အပြင်နီးနားပတ်ဝန်းကျင် ရွာတွေမှကျောင်းပညာရေး အခက်ခဲရှိနေကြသော ကလေးငယ်များပါ စားရေး၊ နေရေး၊ကျန်းမာရေး၊ ပညာရေးစတဲ့ လိုအပ်ချက်ပေါင်းစုံ အတွက် အခက်ခဲ့မျိုးစုံကို ဖြစ်ကျော်ရင်ဆိုင်ရပါကြောင်း သိရှိခဲ့ရပါတယ်။


လက်ရှိစာရေးသူ ရောက်ရှိခဲ့သော အချိန်တွင် ကလေးငယ်အရွယ်စုံ (၂၉၀)ကျော်ကို ပြုစုစောင့်ရှောက် ထားပါတယ်။ အရွယ်အဆင့်ဆင့် ဦးရာမှငယ်ရာသို့ ထိန်းကျောင်း စောင့်ရှောက်ပြီး ပညာရေးကဏ္ဍတွင်ပါ လက်ဆင့်ကမ်း စနစ်ကိုကျင့်သုံးပြီး ဘွဲ့ရလူငယ် (၃၆)ဦးခန့်ရှိခဲ့ပြီး ဖြစ်ကြောင်းသိရှိရပြီး ရင်ခွင်ပိုက်အရွယ် ကလေးငယ်များကိုလည်း တွေ့ခဲ့ရပါတယ်။


ရင်ခွင့်မဲ့ကလေးငယ်များ အေးရိပ်ဖြစ်တဲ့ "စမ"တောင် ပျိုးဥယျာဉ်မှာ ပန်းပျိုးသော ဥယျာဉ်မှုးဖြစ်ခွင့် ရယူ ဖို့ စိတ်ဆန္ဒရှိတယ်ဆိုရင်တော့ 

ကျောင်းအုပ်ဆရာတော်
ဘဒ္ဒန္တညဏိန္ဒ
မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်
"စမ"တောင်၊ သာဝတ္ထိမြို့
ဖုန်း- ၀၆၇-၆၅၁၃၇၊ ၀၉-၄၉၂၀၅၅၃၁

ဆက်သွယ်လှူဒါန်းဒါနပြုနိုင်ကြပါကြောင်း သတင်းပါးလိုက်ပါတယ်။



မောင်ဘကြိုင်
(နေပြည်တော်)















မီးငယ်...ခဏလေး ဓတ်ပုံရိုက်ရအောင်.....း)

ရိုက်ပြီ....


ပြုံးထားကြကွ....ဟိုကိုကြီးဓတ်ပုံရိုက်နေတယ်.... ဟေးးးးး
သင်္ကြန်ကြိုကြမယ့် ညီမငယ်လေးတွေး)
ကြည်နှုးစရာ
အဆင့်အဆင့် ယုယနေပုံ မြင်မိရင် ရင်ထဲမှာ ကြည်နှုးပိတိဖြာ
တဖြည်းဖြည်း အရိပ်အာဝါသကြီးလာတော့ အေးရိပ်ခိုနိုင်တာပေါ့








Monday, February 20, 2012

မြန်မာတစ်ဦးမှ မြန်မာများသို့

“ရေလောင်းရေပက် ခံကာရယ်…သူငယ်ချင်းရင်းတဲ့ လုံမေရယ်…. ဖြန်းပက်စေချင် စိတ်က ကြည်လင်…. မပက်ဖူးဆိုရင် စိတ်ဆိုးကာပင် ဟန်ကြီးလို့ဆိုမယ်….”

“ညိုမြညီတွေ ထင်ချင်လည်းထင် မပက်ရင်နေ ပြန်ပါဖူးခင်ခင်ရယ်… ကြည်အေးရေစင်…. မပက်ပဲတော့ သူတို့မနေ ယုံကြည်ပြီး လာပါတယ်…. ကိုယ်တို့ စိတ်လန်းရွှင်ရအောင် ပက်ဖြန်းပါစမ်း ခင်ရယ်…. တကိုယ်လုံး ရေမွှန်းအောင်ကွယ် စိတ်ရွှင်ဆေးသင်္ကြန်ရေ နှလုံးအေးတယ် အသည်းအေးတယ် ကြည်ဖြူပါရဲ့ ခင်ခင်ရယ် နောက်နှစ်ခါပါကွယ် ရော်ကာပက်ပေးကွယ်…..”



ဥသြငှက်တို့ နွေကြိုတေးသီကြူးရင့်ချေပြီ။ နွေအငွေ့သက်နဲ့ ရော်ဝါရွက်တချို့က လေအရူးမှာ ဝေ့မြူးလို့ အတာတန်ခူးကို အလှခြယ်မှုန်းနေသည်။ ပိတောက်တို့ကလည်း ခါတော်မှီ ရာသီပန်း ပင်လုံးမြန်းဖို့၊ ရွက်နုရွက်စိမ်းဝေဆာ ယိမ်းလို့၊ အတာတန်ခူးကို ကြိုဆိုနေကြပြီ။ တန်ခူးနွေခါဆိုတာ လွမ်းချင်သူများအတွက် လွမ်းစရာကောင်းလှသလို၊ ပျော်ချင်သူများအတွက်လည်း ပျော်ပွဲချိန်ခါ မဟုတ်ပေလား။ ပျိုပျိုအိုအို အရွယ်စုံ စိတ်ရယ်မြူးလို့ အခါအတာပွဲနွှဲဖို့ ပြင်သူပြင်၊ ဆင်သူဆင်၊ ရပ်ဝေးရွာဝေး ရောက်နေသူတို့ကလည်း မွေးရပ်ရွာ ပြန်ဖို့အရေး ကြိုတွေးပြင်ဆင်၊ မပြန်နိုင်လေသူတို့ကလည်း အမှာစကား သတင်းပါးပြီး လွမ်းစိတ်ရယ် ဖြေကြလေသည် မဟုတ်ပေလော။



အခါသင်္ကြန်ပွဲ နွှဲပျော်ဖို့၊ အခါရက်ကို ဖြတ်ကျော်ဖို့၊ တစ်ဦးနဲ့တစ်ဦး မတူညီတဲ့ ရည်ရွယ်ချက် ကိုယ်စီကိုယ်စီရယ်နဲ့မို့၊ အတာချိန်မှာ ရိုးရာမပျက်ပဲ ယဉ်ကျေးမှုနဲ့အညီ တူညီတွဲပျော်ဖို့ရွှင်ဖို့ အားယူကြတဲ့သူတွေ ရှိသလို၊ ခေတ်လွန်လွဲ အရှေ့အနောက်မကွဲ တောင်မြောက်မတွေးပဲ၊ အကွဲအပြဲ အလှစ်အလပ်တွေနဲ့ သင်္ကြန်ပွဲနွှဲဖို့ အားခဲနေကြသူတွေ ကလည်း အဆင်သင့်ပြင်နေကြလေပြီ။ ကျောင်းကန်ဘုရား ရိပ်သာရယ်သွားလို့၊ စိတ်ကြည်ရုပ်ပီဖို့ ကြိုတင် ပြင်ဆင်သူ ပြင်ဆင်နှင့်၊ ကလေးကအစ လူကြီးအဆုံး အရွယ်စုံ အလွှာရယ်စုံ၊ မတူညီသော အမျိုးမျိုးသော ပြင်ဆင်မှု ပြုခြင်းများဖြင့် ပြင်ဆင်နေကြလေပြီ မဟုတ်ပေလော။



မြန်မာ့ရိုးရာနှစ်ကူး အတာသင်္ကြန်ပွဲတော်ရယ်ဟု မြန်မာတို့၏ ရင်ထဲတွင် ရိုးရာနှစ်ကူးပွဲကို လက်ခံကျင်းပ လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ၊ ကာလများစွာကထဲကပင်။ တစ်ခါက မြန်မာ့သမီးပျိုလုံမေတို့ ပိတောက်ပန်း မြိုင်အောင် ပန်ရင်း၊ မန်းတောင်ရိပ်ခို တေးသံချို သီကျူးရင်း၊ မြန်မာ့အလှ မြန်မာ့အကနှင့် ရေသဘင်ပွဲ ပျော်မြူးနွှဲကြသည့် မြင်ကွင်းပုံရိပ် ချိုမြိန်ပုံများ၊ စာဖွဲ့မပီ မမှီလှလေအောင် ပီပြင်ခဲ့ပေသည်။ သပြေခက်နှင့် ရေခွက်ကိုဆွဲ၊ ရိုးရာပွဲ နွှဲပျော်ကြသည့် မြန်မာအမျိုးသားများ၊ ရေဖလားနှင့် လောင်းပက်ကြသည့် ဟန်၊ နှစ်ကူးခါ နှစ်ဆန်းတစ်ရက်နေ့တွင် အိုကြီးအိုမ သက်ကြီးရွယ်ကျ အဘိုးအဘွားများကို မွန်မြတ်စိတ်ထား၍ ဆည်းကပ်ပွားများ သက်ကြီးပူဇော်ပွဲများ ကျင်းပပုံ၊ လူငယ်လူရွယ်များ ရှေ့ဆောင်ဦးရွက် တက်ကြွစွာပြုမူပုံများ ၊ ပြောမဆုံးပေါင် တောကြီးသုံးထောင်ဆိုသလို ရှိချေခဲ့သည် မဟုတ်ပေလော။



အိမ်နီးချင်းနိုင်ငံတချို့နှင့် နှစ်ကူးရေသဘင်ပွဲ ဆင်နွှဲပုံ တူသယောင်ထင်ရပေသေည်ငြား၊ မတူညီကွဲပြား ထူးခြားသည့် မြန်မာ့နှစ်ကူး ရေသဘင်ပွဲတော်သည် ကမ္ဘာတွင် တစ်ခုတည်းသော ထူးခြားမှုများရှိသည့်၊ အစဉ်လာကောင်းများ ရှိသည့်၊ ရေသဘင်ပွဲတော် ဖြစ်သည်။ တစ်နှစ်မှာ တစ်ကြိမ်ပွင့်သည့် ပိတောက်ပန်းများနှင့် အပြိုင် ပင်လုံးမြိုင်ဝင်းဝါထိန်နေတတ်သည့် ငုဝါပန်းတွေက အတာနှစ်ကူးရာသီဦးကို ထည်ထည်ဝါဝါ အလှဆင်ထားကြသည် မဟုတ်ပေလော။



သို့ပေမယ့်လည်း မျက်စိတမှိတ် နှစ်အနည်းငယ်အတွင်းမှာ ပြောင်းလဲလာလိုက်သည်မှာ ရင်သပ်အံ့သြ စိတ်မောစရာ၊ မြင်ရ တွေ့ရသည်များမှာ မြန်မာတို့၏ မြန်မာ့ရိုးရာပွဲတော်မှ ဟုတ်ပါလေရဲ့လားဟု အတွေးမှားရလေ သည် မဟုတ်ပေလော။ ခေတ်လွန်လွဲဟန် ဆင်ယဉ်ဝတ်စား မူးယစ်ရမ်းကား သွေးဆူကြသူ အများအပြားနှင့် ဝုန်းဒိုင်းကျွတ်ကြဲ ဒစ္စကိုဒန့်စ် ကဟန်တွေကလည်း မြန်မာပီသူတချို့၊ ယဉ်ကျေးမှုမြတ်နိုးသူတချို့ကို ရေသဘင်ပွဲ ဝင်မနွှဲပဲ မဆိုင်သလို နှုတ်ဆိတ်နေစေသည် မဟုတ်ပေလော။



လူရွယ်လူငယ် အတွေးမှား တုပမှားပြီး၊ ဝတ်စားဆင်ယင်လာလိုက်ကြသည်မှာ ယခုတော့ ရိုးရာယဉ်ကျေးမှု ပါးလွှာစပြုလာသည့် အခြေအနေများကို စိတ်မောရင်နာ မသက်သာပဲ မြန်မာတို့၏ နှစ်ကူးရေသဘင် ရိုးရာပွဲမှာ တွေ့မိမြင်မိကြသည် မဟုတ်ပေလော။ ရေသဘင်ပွဲ ပါဝင်နွှဲသူများအတွက် ယဉ်ကျေးစွာ ရေလောင်းရေပက် အနေထားကနေ၊ ရေထိုးရေမွှန်း အခြေအနေထိအောင်၊ အနာတရဖြစ်အောင်၊ ကြောက်လန့်စိတ်ဖြစ်လာအောင် အထိ ဖြစ်ချေပြီ မဟုတ်လော။ ရေသဘင်ပွဲ ၀င်နွှဲဖို့ စိတ်မရှိအောင်ကို တဖြည်းဖြည်း ကျောခိုင်းသူ၊ စိတ်ပျက်သူများ လာအောင် အခြေအနေတွေက ပြောင်းလဲနေပြီ မဟုတ်ပေလော။



ရာသီဥတုအပြောင်းလဲနှင့်အတူ နွေနေပူရှိန်အောက် ပုလင်းဆွဲ အော်ဟစ်ဆဲ၊ အမေနှမ နှုတ်ကြမ်းရှပြီး ရန်စရန်ပြု ရိုင်းစိုင်းမှုတွေနှင့် မြေကျခဲ့ရသည့် သွေးစက်တချို့၊ နှစ်ကူးတိုင်း အရှိများလာပြီ မဟုတ်ပေလော။ မြနန္ဒာ၊ မြူမှောင် ဝေကင်း၊ မန်းတောင်ရိပ်ခိုစသည့် သီချင်းသံများ တိုးတိတ်သွားပြီး၊ ဘေ့စ်အသံ သောသောညံအောက် ခုန်ပေါက်လှုပ်ရှား အလန်းဇယား နာမည်တပ်၊ တိုင်ပတ်အကနှင့် နိုင်ငံခြား နိုက်ကလပ်များအလား ဖန်တီးလိုက်ကြသည် မဟုတ်ပေလော။

ပရိတ်သတ်များ၊ ပြည်သူများအား လေးစားတန်ဖိုးထားပါတယ် ဆိုနေကြလေသည့် အနုပညာရှင်ဆိုသူများ ကလည်း မြန်မာ့ယဉ်ကျေးမှု နှင့် ဖီလာဆန့်ကျင်ပြီး လူငယ်လူရွယ်များ အတုပမှားအောင်၊ ကျေးဇူး အပြိုင်အဆိုင် ဆပ်နေကြပြီ မဟုတ်ပေလော။



ခေတ်ကို ရိုးမယ်ဖွဲ့ပြီး ခေတ်ရေစီးမှာ မျောလိုက်ရင်း၊ ကိုယ်ပိုင်ဟန် ကိုယ့်ရိုးရာဝတ်စားမှု ဆင်ယင်မှု များကို ကျောခိုင်းပြီး၊ ကမ္ဘာက လက်ခံထားသည့် မြန်မာတမျိုးသားလုံး ယဉ်ကျေးမှုပွဲတော်ဖြစ်သည့် အတာရေ သဘင်ပွဲကြီးကို အလွှာစုံအတန်းစုံမှ ထိန်းသိမ်းမှု နည်းပါးလာလေတော့ ခေတ်လွန်အဆင်အပြင်များကို မျက်စိယဉ် ရိုးလာကြပြီး၊ ကိုယ်ပိုင်ဟန်ကို တတိတိနဲ့ ဝါးမျိုခံနေခဲ့ကြသည့် မြန်မာတို့၏ သင်္ကြန်ဖြစ်နေလေပြီ မဟုတ်ပေလော။ တစ်နှစ်မှာတစ်လ၊ တစ်လတည်းသော တန်ခူးလမှာ ကျရောက်သည့် နှစ်ကူးပွဲတော်ရက် (၃)ရက်တာ အချိန် ကာလလေးအတွင်း ထိန်းသိမ်းဆင်ခြင်ခြင်း၊ ယဉ်ကျေးပျူငှာခြင်းများလည်း မတတ်နိုင်၊ လက်မှိုင်ချ အရှုံးပေးနေကြရသည် မဟုတ်ပေလော။ ရိုးရိုးယဉ်ယဉ် ဝတ်စားဆင်လို့ ရိုးရာပွဲ နွှဲပျော်ရမှာကို ရှက်စရာလိုလို၊ အလှစ်အဟပ် အဟိုက်အပြတ်တွေ ဝတ်ကာမှ ခေတ်မှီသလိုလို၊ ထင်ယောင်မြင်ယောင်ပြီး ကိုယ့်ရိုးရာပွဲမှာ ကိုယ်ပိုင်ယဉ်ကျေးမှုကို အပြိုင်အဆိုင် တညီတညွတ်တည်း၊ အုံးအုံးကျက်ကျက် အိုးမည်းသုတ်နေကြသည် မဟုတ်ပေလော။




သို့ဆိုလျှင်... ရှည်ရှည်ဝေးဝေး အတွေးမပွားပဲ၊ ပါးလွှာသွားသည့် မြန်မာ့ယဉ်ကျေးမှုထုထည်ကို တိုက်စားနေကြ သူများသည် အခြားသူများမဟုတ်၊ ရိုးရာရေသဘင်ပွဲကို အသွင်တစ်မျိုးဖြင့် ၀င်နွှဲနေကြသည့် မြန်မာများပင် မဟုတ်ပေလော။ ဤသို့ဖြင့် ရှေ့ဆက်သွားကြရင်း မြန်မာနှစ်ကူးပွဲမှ မူးပွဲသောက်ပွဲ ယောက်ျားမိန်းမ မကွဲ၊ ဒွေးရောယှက်တင် အော်ဟစ်ရမ်းကား၊ ရန်ပွဲများတဲ့ပွဲအဖြစ် နောင်းလူတို့အတွက် အမည်တွင် ကျန်ရစ်ခဲ့ပေတော့မည် မဟုတ်ပေလော။ သို့ကြောင့် မြန်မာတို့ မြန်မာ့ယဉ်ကျေးမှုကို မိမိနိုင်ရာ အခန်ကဏ္ဍမှ ထိန်းသိမ်းကြရင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို တမြတ်တနိုးဖြင့် မြန်မာပီပီ ကိုယ်စားပြုနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရင်း......။


မြန်မာ့ယဉ်ကျေးမှု တည်တံ့ခိုင်မြဲပါစေ..။

မောင်ဘကြိုင်

Wednesday, February 15, 2012

ငယ်ဘဝဆိုတာလွမ်းစရာ(တဂ်)- ၁


ငယ်ဘဝဆိုတာလွမ်းစရာ(တဂ်)- ၁



 ပြောရမယ်ဆို မခံချင်စိတ်ကစတယ်လို့ ပြောရတော့မယ်ဗျာ။ ငယ်စဉ်က လူကြီးသူမတွေ ဆိုဆုံးမခဲ့ကြ တယ်။ မနာလိုစိတ်မမွေးပါနဲ့ မခံချင်စိတ်မွေးပြီး ကိုယ်ဖြစ်ချင်တာကိုကြိုးစားပါတဲ့လေ။ လူကြီးသူမဆုံးမ စကားဆိုမြေဝယ်မကျ နားထောင်တတ်တော့ ကျွန်တော့်အမှားလို့တော့မပြောကြစေချင်ပါဖူး။ အရွယ်ကတော့ငယ်ပါသေးတယ်။ဒါပေမယ့်မြွေတို့ထုံးစံနဲ့စံနမူနာပြောရမယ်ဆိုအဆိပ်ရှိတဲ့မြွေဆိုးမဟုတ်ပါဖူး။ ရေမြွေပါ
 ရေမြွေမှတကယ့်ရေမြွေပါ။ရေမြွေအဆိပ်မရှိပေမယ့်ရေမြွေကိုက်ခံရရင်လည်းအပေါက်လေးနှစ်ပေါက်နဲ့
အနာဖြစ်တာပဲ မဟုတ်လားဗျာ။ ဒီလိုပဲ ကျွန်တော်ငယ်သေးပေမယ့် မငယ်ပါဖူး။ ၈တန်းကျောင်းသားအရွယ်ဆိုတာ လူပျိုကြီးဖားဖားဖြစ်နေပါပြီ။ ဆိုတော့ ဒီအရွယ်တွေမှာ စကားစုံအကျင့်စုံ အတတ်စုံကြပါတယ်။ ကွမ်းယာစားတယ်၊ ဆေးလိပ်ဖွာတယ်၊ ထန်းတောထဲရောက်ဖူးတယ်၊ ဘီယာကိုခပ်မဲ့မဲ့ မော့တတ်တယ်၊ အာမီရမ်အရသာသိတယ်။ ပွဲတော်ရက်ဆိုလောင်းကစားဝိုင်းတွေဖက်ခြေ ဦးလှည့်တတ်တယ် ဇတ်ခုံနောက်သွားပြီး ထရံပေါက်ကနေ မင်းသမီးအဝတ်စားလဲတာချောင်းဖူးတယ်။ ဇတ်သုံးသစ်သားသေနတ်၊ ဝန် ကြီးခေါင်းဆောင်း စတဲ့ ဇတ်သုံးပစ္စည်းတွေကို စနောက်ပြီး ဝှက်ဖူးတယ်။




 
“ မင်းမေမွန်ရည်ကိုမရနိုင်ပါဖူး” တဲ့။ 



ကျွန်တော့်ကိုလာစရာကစပြီးတလမ်းတည်းမျက်နှာချင်းဆိုင်အိမ် မှာနေတဲ့မေမွန်ရည်ကို
မိဘချင်းမတည့်ကြပေမယ့် မခံချင်စိတ်မွေးပြီး အရလိုက်မိတယ်။ အချစ်ဆိုတာ ဂဃမသိပေမယ့် ၈တန်းကျောင်းသူမေမွန်ရည်ဟာ အတန်းထဲမှာစာအတော်ဆုံးဖြစ်ပြီး အမြဲပထမ။ အချောဆုံးဆိုတဲ့ ဘွဲ့ကိုသူမရထားတယ်ဆိုတာကိုသိတယ်။ လပတ်စာမေးပွဲအချို့ကိုတောင် ကျအောင်ဖြေတဲ့ ကျွန်တော်ဟာအတန်းထဲမှာစာတော်သူမဟုတ်ပါဖူး။ဒီတပတ်စာမေးပွဲကျရှုံးမှုအတွက် အမေကပုဏ္ဍရိပ်
ပင်ချောင်းနဲ့ခြေသလုံးကိုရိုက်မောင်းတင်လိုက်ပြီဆိုအိမ်ကရေတွင်းတစ်ပတ်ပြေးလွှားရှောင်ရှားပြီးမှ နောက်
တပတ် စာမေးပွဲကိုအမှတ်အသင့်တင့်နဲ့ အောင် အောင်ဖြေတတ်တဲ့ ကျွန်တော်ပါ။ အမေကပြောပါတယ် “ ကုလားမွေးတဲ့နွားလိုတချက်ရိုက်မှတစ်လှမ်းလှမ်းချင်တယ်”တဲ့ဗျာ။မှန်ပါတယ်ကျွန်တော်ဟာ နောက်ကတွန်း
ပေးတဲ့သူရှိမှ သွားတဲ့သူစားမျိုးပါ။ 



ဒီလိုနဲ့ကျွန်တော်သွားတယ်ဆိုပါတော့။ 

သူငယ်ချင်းများသလိုနဲ့ရှားတဲ့မေမွန်ရည်နံဘေးနေ့ခင်းနေ့လည်ကျောင်းမုန့်စားဆင်းချိန်မှာ ဘယ်သူမှရှိ
မနေတတ်တော့ကျွန်တော့်အတွက်ဂွင်ပေါ့ဗျာ။နေ့နေပူပူအောက်မှာမေ မွန်ရည်နံဘေးကျွန်တော်ရောက်
သွားတော့ အတန်းခန်းထဲကနေ ခိုးကြည့်နေတဲ့ မျက်လုံးတွေရှိလာတာပေါ့။နေပူတာရော မျက်လုံးတွေရောကျွန်တော်မဖြုံပေမယ့်မေမွန်ရည့်ကိုကျွန်တော်ဖြုံပါတယ်။နေ့တိုင်းကျောင်းချိန်ဆို ကျောင်း
သွားရာလမ်းကြောင်းတူတူ၊ကျောင်းဆင်းအပြန်လမ်းတူတူသူမရှေ့ကလျှောက်ရင်လျှောက်ကျွန်တော်ရှေ့က
သွားရင်သွား ဒါနေ့စဉ်ပုံမှန်အခြေအနေ။ တခါတလေ မျက်လုံးချင်းဆုံမိတာမျိုးတော့ မရေတွက်နိုင် ဖူးပေါ့။ သူ့အမေကျွန်တော့်အမေမတည့်ကြပေမယ့် သူ့အဖေနဲ့ကျွန်တော့်အဖေက စကားပြောတတ်ပါတယ်။ သူ့အဖေနဲ့ကျွန်တော့်အမေသူ့အမေနဲ့ကျွန်တော့်အဖေလည်းစကားပြောတတ်ပါတယ်။အမေချင်းငယ်သူငယ်
ချင်းတွေဖြစ်ဖူးကြပေမယ့်ကျွန်တော်တို့အရွယ်ရောက်လာတော့နားလည်မှုလွဲပြီးမခေါ်နိုင်မပြောနိုင်ဖြစ်ခဲ့ကြ
တယ်။


 
အမေကတော့တခါတခါစိတ်ကူးပေါက်ရင်ဒေါသသံပါသလိုလိုပြောတတ်ရဲ့။

 “ခင်မေ့သမီးကိုသွားအရောမဝင်နဲ့နော်”တဲ့။အိမ်လာလည်လေ့ရှိတဲ့တရားရေးစာရေးကြီး ကိုစိန်ဝင်းက
တော့ “အစ်မသားကမေမွန်ရည့်ကို ကြိုက်နေတာ ဘယ်လိုလုပ်မလဲ” တဲ့။ စတတ်နောက်တတ်လို့ စိတ်ထဲမထားခဲ့ပေမယ့်ကျောင်းမှာအမြင်ကတ်နေတဲ့ဇော်ရဲလတ်ဆိုတဲ့ ငတိက မခံချင်စကားပြောလာတော့ ကျွန်တော့်ရဲ့ ပထမဆုံးအချစ်ဇတ်လမ်းစခဲ့ရ တာပေါ့။
ဇော်ရဲလတ်ဆိုတဲ့ငတိကို အမြင်ကတ်ရခြင်းအကြောင်းက ချွန်တွန်းလုပ်တတ်လို့ပါပဲဗျာ။ တနေ့မှာ  အတန်းပိုင်ဆရာမဒေါ် အမာစီက အတန်းထဲမှာ စစ်သူကြီးမဟာဗန္ဓုလအကြောင်းပြောပါရော။ သူပြောတဲ့မဟာဗန္ဓုလက ဘုရားလက် ထက်တော်က ဗန္ဓုလ  ကျွန်တော်သိတာက ပန်းဝါတိုက်ပွဲမှာကျဆုံး သွားတဲ့ မဟာဗန္ဓုလ။ လွဲနေတော့ ဘေးကဇော်ရဲလတ်ဆိုတဲ့ ငတိကို ဆရာမဘာတွေပြောနေလဲမသိဖူး ပုံပြင်ထင်တယ်...စစ်သူကြီးမဟာဗန္ဓုလမှာအဲလောက်သားတွေများတယ်လို့မကြားဖူးပါဖူး...ပန်းဝါမှာအမြော
က်ဆံမှန်ပြီး ကျသွားတာပါလို့ ကပ်ပြောမိရော။ ငတိဇော်ရဲလတ်ရဲ့အိမ်အပေါ်ထပ်မှာငှားနေတဲ့ ဆရာမဒေါ်အမာစီနားစာသင်ခန်းထဲကကျွန်တော့်စောဒကစကားရောက်သွားရာကအစ ကျွန်တော့်ငယ်နာ
မည်စာရင်းထဲမှာ နဂါးဆို တဲ့ နာမတခုထပ်တိုးခဲ့တယ်။ အမောက်ထောင်တဲ့ နဂါးဆိုပဲ။ ဘာပြောပြော မျက်စောင်းထိုးလက်ခါးထောက်ပြီးရန်ပြန်တွေ့တဲ့ဆရာမအပျိုကြီးဆိုတော့ချစ်ကြောက်ရိုသေရတာပေါ့လေ။



ချွန်တွန်းလုပ်တတ်တဲ့ ဇော်ရဲလတ်က မခံချင်စကားဆိုလာတော့ မေမွန်ရည့်ကိုရည်းစားအဖြစ် သိမ်းသွင်းဖို့ ကျွန်တော်အစီစဉ်ဆွဲရတော့တာပေါ့။ ကျွန်တော်ဝသီက မိန်းကလေးနဲ့ပတ်သက်လာရင် ခပ်ရွံရွံဆိုတော့ စားနေကြကွမ်းယာထဲဆေးကြမ်းများများထည့် (ပခုလုံးမစားတော့ပါ) ရိန်းတိန်းတိန်းဖြစ်အောင်ဝါး ရဲသွေးမွေးပြီးမေမွန့်ရည်အနားကပ်ရရော


။ ဇတ်ရှိန်နည်းနည်းအမြင့်ကို ကွက်ပြောရရင် မပြောမဆိုမေမွန်ရည့်လက် ဇက်ခနဲ့ လှမ်းကိုင်လိုက်မိတယ်။ အနားထူးထူးဆန်းဆန်းကပ်လာတဲ့ကျွန်တော့်ဦးတည်ချက်ကိုတစ်ယောက်စကား တစ်ယောက်နားပြန့်ရာက ကြားမိထားတဲ့မေမွန်ရည့်လက်ဖျံနုနုလေးဟာချွေးစို့စို့နဲ့အေးစက်လေရဲ့။

သူမရင်ထဲဘယ်သို့ဘယ်ပုံနေမှန်းမသိပေမယ့်ကျွန်တော့်ရင်ထဲမှာတော့ဝုန်းဒိုင်းကျဲဗြောင်းဆန်နေရောပဲ။ဒါရင်
ခုန်တာလား ပါးရိုက်ခံရမှာ ကြောက်တာလားဆိုတာ အခုချိန်ထိကျွန်တော်မသဲကွဲခဲ့ပါဖူး။



 
ကျွန်တော့်လက်ထဲကနေသူမလက်နုနုလေးရုန်းထွက်လေလေကျွန်တော်မလွတ်ပဲအတင်းဆွဲထားလေမို့ နော
က်ဆုံး သူမ မရုန်းတော့ပဲ .... နှင်းဆီနှုတ်ခမ်းစုံဖွင့်ဟပြီး ဖိုးဇော် မဖြစ်နိုင်ဖူး ဖိုးဇော်ရယ်တဲ့လေ.... သူမရဲ့ အသံရှရှလေးကိုကျွန်တော်ကြားလိုက်ရတဲ့အခါမှာတော့ကျွန်တော်သူမကိုတော်တော်သဘောကျသွားမိတယ်။ သူမရဲ့ပါးပြင်ဖွေးဖွေးမှာရှက်ရိပ်ကဲနေတဲ့သွေးကြောစိမ်းစိမ်းလေးတွေယှက်ဖြာနေတယ်။ 

ရှက်စိတ်ကြောင့်သူမမျက်နှာလှလှလေး နီမြန်းနေတယ်။ သူမစိတ်တွေလှုပ်ရှားနေတယ်။ ဒါနဲ့ ဆယ်ကျော်သက်သားကျွန်တော်ရင်ခုန်သလိုလိုဖြစ်သွားတယ်။ (အိမ်ရှေ့ကလမင်းသီချင်းညဉ်းဖြစ်တယ်)
ဒါပါပဲ။ ဒီလောက်ပါပဲ။

ရအောင်လိုက်မယ်လို့ အသံလွှင့်ပြီး မေမွန်ရည့်ကို ရည်စားစကားသေသေချာချာ ကျွန်တော်မပြောဖြစ်ခဲ့ဖူး။ ဒါပေမယ့်ချစ်လားလို့သူမမေးတိုင်းမေးတိုင်းကျွန်တော်ခေါင်းညိတ်မိတယ်။ ဘယ်လောက်ထိချစ်လဲမေးတိုင်း ကျွန်တော်ရေရေရာရာမဖြေတတ်ခဲ့ပြန်ဖူး။ ဒီလိုနဲ့ ကျွန်တော်နဲ့မေမွန်ရည် ရည်းစားတွေဖြစ်သွားကြပါတယ်။ လူငယ်ရည်းစားအတွဲဆိုတော့ နာမည်ကြီးတခုရလိုက်ပြီး ထွေထွေထူးထူး ပန်းခြံ၊ဘုရားကျောင်းကန် အတူ မလှမ်းဖြစ်ခဲ့ဖူး။ သူငယ်ချင်းတွေပေးတဲ့ အကြံတိုင်း အပြင်မှာချိန်းစကားပြောဆိုလို့ ချိန်းလည်း အဆင်မပြေခဲ့ဖူး။ အစ်ကိုသုံးယောက်နဲ့ အဖေအမေကြောက်တတ်တဲ့ သူမကိုကျွန်တော်စိတ်ခုသွားမိတယ်။ မြို့အဝင်လမ်းမပေါ် မှာနှစ်ယောက်အတူလမ်းလျှောက်ခွင့်၊ မြစ်ကူးတံတားပေါ်က ခုံပြာတန်းတွေပေါ်မှာ အတူထိုင်ခွင့်၊ စိန်ပန်းပင်ကြီးတွေအောက် မှာထိုင်ရင်း ကျွန်တော်ရေးထားတဲ့ ကဗျာလေးတွေရွတ်ပြခွင့် စတဲ့မျှော်လင့်ချက်တွေတခုမှဖြစ်မလာခဲ့ဖူး။သူမလက်ရေးဝိုင်းဝိုင်းလေးတွေပြည့်နေတဲ့ သူမရဲ့ကိုယ်စား
လှယ်စာရွက်ဖြူဖြူလေးတွေသာကျွန်တော့်ဒိုင်ယာရီစာအုပ်လေးထဲရောက်ရောက်လာတယ်။ မနက်တိုင်းမနက်တိုင်း သူမအခန်းပြတင်းပေါက်ကို လှမ်းလှမ်းငေးရင်း ကျွန်တော် မောမောလာတယ်။


              မနက်ပိုင်းသူမစာကျက်တတ်တဲ့ အရပ်ကိုကျွန်တော့်စာကြည့်စားပွဲကနေငေးတယ်။ ကျွန်တော့် စာကျက်ချိန်က ညနက်ပိုင်းအဖြစ်ပြောင်းလဲသွားတယ်။ ကျွန်တော်သူမကြောင့် ဇဝေဇဝါဖြစ်သွားတယ်။ သူမ စာတော်မြဲတော်နေတယ်။ ကျွန်တော်စာညံ့မြဲညံ့နေတယ်။ ဒီလိုနဲ့ စာသင်နှစ်တွေကုန်ဆုံးပြီး
 ကျောင်းပိတ်ရက် တွေမှာ ကျွန်တော်ဟာရန်ကုန်ရောက်ရောက်သွားတယ်။ သူမနဲ့ မကြာခဏ အဆက်သွယ်ပြတ်သွားတတ်တယ်။ဒါပေမယ့် မေမွန်ရည်ဟာကျွန်တော်ရည်းစားအဖြစ်လူသိသူသိဖြစ်တုန်း။
 ကျောင်းပြန်ဖွင့်လို့ ကိုးတန်းကျောင်းသားအဖြစ် ကျွန်တော့်မြို့လေးကိုပြန်ရောက်တော့ မေမွန်ရည်ဟာ အရင်နှစ်ကထက်ပိုလှလာတယ်။ သေချာပါတယ် အရမ်း လှနေတယ်။ သူငယ်ချင်းအောင်ကိုကိုဝင်းက သူမကိုချစ်မိနေတယ်တဲ့။ စည်းဖောက်တာလား ဝိုင်းပြောတဲ့ သူငယ်ချင်းတွေကိုတားပြီး လွတ်လပ်ခွင့် အဆိုတင်သွင်းမိတယ်။ 


ဟုတ်တယ်။ မေမွန်ရည့်ကကျွန်တော့်ကိုယ်ပိုင်မှမဟုတ်တာကိုး။ နောက်ပိုင်းသူမအနား အောင်ကိုကိုဝင်းချဉ်း
ကပ်တာကို ကျွန်တော်မသိကျိုးကျွံပြုနေမိ တယ်။ ကျွန်တော်ဆိုတာအဲလိုမျိုး။ မင်းရ မင်းငါရငါဆိုတဲ့ လူငယ်
အတွေးက မေမွန်ရည့်ကို နာကျင်စေလိမ့်မယ်လို့ ကျွန်တော်အဲဒီအခါက မတွေးမိပေဖူး။ ကိုယ်ပိုင်ဆိုင်တဲ့သူ မဟုတ်တဲ့ လွတ်လပ်တဲ့မိန်းကလေးတစ်ယောက် ကို လွတ်လပ်တဲ့ လူငယ်တစ်ယောက်က (ကျွန်တော်မဟုတ်တဲ့သူ) နှစ်သက်သဘောကျတာကို ကျွန်တော်တားဆီး ပိုင်ခွင့်မရှိဖူးလို့ ထင်တယ်။ ဒီလိုနဲ့ ကျွန်တော့်ကို မေမွန်ရည်က မချစ်တတ်သူအဖြစ်မြင်လာတယ်။ သူမချစ်သလို ကျွန်တော်က သူမကိုမချစ်ပါဖူးတဲ့။ 


စိန်ပန်းတွေပွင့်လန်းပြီးပိတောက်တွေဖူးငုံလာတဲ့အချိန်သင်္ကြန်မိုးစွေတဲ့နေ့မှာ ကျွန်တော်ဟာ မေမွန်ရည်နဲ့
 ဝေးရာရန်ကုန်မြို့ကြီးမှာပေါ့။ချစ်သူဖြစ်တဲ့မေမွန်ရည့်ကိုကျွန်တော်သင်္ကြန်ရေလာင်းခွင့်မရလိုက်ပါဖူး။ဇာတိ
မြေပြန်တော့မြို့မယိမ်းမယ်လေးပိတောက်ပန်းဝေအောင်ခေါင်းမှာပန်ရင်း နှစ်ကူးသင်္ကြန်ပွဲနွှဲပုံတွေကို ပြန်ပြော
ပြတဲ့ သူငယ်ချင်း တွေရဲ့ စကားတွေထဲ ပုံဖော်ကြည်နှုးမိတယ်။ သင်္ကြန်မှာ အဝေးရောက်နေတဲ့ အခြေ အနေကိုကျွန်တော်ဒေါသဖြစ်မိတယ်။ကျွန်တော်ကံဆိုးသူလားဆိုတာကျွန်တော်အမြဲပြန်တွေးနေမိတယ်။ သေ
ချာတာက ကျွန်တော့်ချစ်သူ(သို့)ရည်စားတွေကို သင်္ကြန်ရေမလောင်းဖူးခဲ့ပါ။




တဂ်မိသူတို့ မှားပါဒယ်မဆိုချင်ပါဘု ငယ်ဘဝဆိုတာလွမ်းစရာပေမို့မောင်ဘကြိုင်၏ ငယ်ချစ်များ အကြောင်း..... ပို့စ်ရေးစရာကုန်ကြမ်းအဖြစ် အသက်သွင်းမိချေပြီ။ ငယ်ချစ်တို့က တစ်ဦးတစ်ယောက် ဖတ်မိပြီး လက်တို့ကျရင်ဖြင့် ကြုံကြိုက်လို့ ဇာတိမြေအလည် ပြန်ရောက်ချိန်တွင် ဝိုင်းပြီးထောပနာမပြုကြပဲ ခွှင့်လွတ်နားလည်ပေးပါလို့ ငယ်ဘဝပြန်လွမ်းမိသူ ကျွန်တော်မောင်ဘကြိုင်မှ အနူးညွတ်တောင်းပန်းလိုက် ပါတယ်






မောင်ဘကြိုင်

Sunday, February 12, 2012

ဖေဖော်ဝါရီ(၁၃)


ဖေဖော်ဝါရီ (၁၃)ဟာ ဗိုလ်ချုပ်မွေးနေ့ပါ.....
မြန်မာပြည်မှာ သူလိုလူသားတွေ များများမွေးဖွားပါစေ.... 


မြေလတ်သား ဇာနည်ဘွားသို့


ဝမ်းနည်းလွန်းလို့တဲ့
တိမ်တွေ ငိုချလိုက်တာ
ဇူလှိုင်မိုးတွေအဖြစ်
သင့်ကို သတိရမိတယ်
မြေလတ်သား ဇာနည်ဘွားရယ်..............

မြေလတ်သား ဇာနည်ဘွားရေ
နှစ်တွေကြာပြီဆိုပေမယ့်
ကျေးဇူးသိတတ်သူတိုင်းရဲ့ အသည်းမှာ
သင့်အမည်နာမဟာ ဝင့်ဝင့်ထည်ထည်နဲ့
နေရာယူနေရဲ့

မမေ့ကောင်းတဲ့ သင့်အကျင့်ကောင်းတွေက
အားကျတုပသူတိုင်းကို သွေးစီးနေလေရဲ့.....

မျိုးယုတ်သတ်မှတ် ငါးကျပ်တန်က
ငါတို့ရင်မှာ အဖိုးထိုက်လှတာမို့
ငါတို့သခင် ငါတို့အရှင်လို့
ထာဝရသတ်မှတ်ထားပါရဲ့......

ငါတို့မြန်ပြည် သွေးစည်းညီဖို့
သမိုင်းမှတ်ကျောက် ကြိုးစားတည်ဆောက်
ပိတိမဆုံးခင် သူ့အဖြစ်အင်ကြောင့်
ရင်နာမဆုံး တို့တွေတသက်လုံး
ဆုံးရှုံးခြင်းအစစ် ဖြစ်တည်ရစ်တော့

ဟောဒီ....ဇူလှိုင်(၁၉) မှာမိုးတွေသည်းနေပြန်ပြီ


အို.........မြတ်သော ဇာနည်..........

သင့်အကြောင်းတွေ သင့်အကြောင်းရေးတိုင်း
ဝေ့ဝဲစိုစွတ်လာတဲ့ မျက်ဝန်းတွေကို ပွတ်သတ်ဖို့
လက်ဖဝါးတွေက ပေတေတေညစ်ပတ်ပတ်မို့
ခပ်ရွံ့ရွံ့နဲ့ပဲ နေသားကျနေပါပြီ...........

မြေလတ်သား ဇာနည်ဘွားရေ
အားနာမိပါရဲ့ သင့်စေတနာတွေကို
ငါတို့ အချင်းချင်း မာန်ဝင့်ရင်း
တွန်းတိုက်ရင်း ခုံလုရင်း
ခွက်လုရင်းနဲ့ နှစ်တွေကြာရှည်....

အကျင့်တွေပျက်စီး
ဘို့တစ်လုံးဆောင်ပြီး
ဖရိုဖရဲကိုယ်ကျိုးဆောင်
သူအကျိုးမှောင်စေ....စေ...စေတနာတွေကြောင့်

သွေးအချင်းချင်း အရောင်ကွဲ
ဝါးစည်းပြေ စိတ်ဓတ်တွေနဲ့
ခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့တဲ့........

လေထဲမှာ လေသံတွေကျယ်
လေထဲမှာ လက်တွေရမ်းတယ်
လေထဲမှာ ပျောက်ပြယ်သွားတယ်
လေထဲမှာ လေထဲမှာပေါ့ မြေလတ်သား ဇာနည်ဘွားရယ်............



မောင်ဘကြိုင်

ဇူလိုင်(၁၉) အာဇာနည်နေ့ အမှတ်တရကဗျာလေးနဲ့ ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။ ပုံရိပ်များကိုအင်တာနက်မှ ရှာဖွေကူးယူထားပါသည်။



Tuesday, February 7, 2012

အကယ်ဒမီည


ကိုယ့်ကိုကြိုနေသလားမှတ်တယ် လက်တပြပြနဲ့ ....





မြန်မာ့အလှ မြန်မာ့အက

ဘဝဟပ်နေပုံ
ဖွင့်ပွဲခလုတ်နှိပ်ချိန်
ထူးထူးဆန်းဆန်း ကိုယင်လေးတစ်ပါး လူကြားထဲတိုးနေတာတွေ့တယ်
ပွဲတက်ပစ္စည်းပစ္စယတွေ

ဒီနှစ်မှာ 15 ကားတဲ့



အစ်ကိုလို သူငယ်ချင်းလိုဖြစ်နေတဲ့ အစ်ကိုကြီးတစ်ယောက်ဆုံးပါးသွားတဲ့ သတင်းကြားပြီး ဖုန်းတစ်လုံးနဲ့ နီးစပ်ရာ သတင်းဖြန့်နေတဲ့ မောင်ဘကြိုင်တစ်ယောက် ၇ . ၂ .၂၀၁၂ ခုနှစ်နေ့ခင်းလောက်မှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတက်ခွင့် ကြုံလာပါတယ်။ အတန်း (C ) ခုံနံပါတ် ---- ဆိုတော့ စိတ်ဝင်စားစရာဖြစ်နေတယ်။ ရုပ်ရှင်ကားလေး လေးငါးဆယ်ကားကို အကယ်ဒမီပေးတဲ့ပွဲကို တကူးတက သွားကြည့်ဖို့ တကယ်တော့ဝါသနာရော စိတ်ပါသိပ်ပါတာမဟုတ်ဖူး။ ရလာတဲ့လက်မှတ်နှစ်စောင်က ဗွီအိုင်ပီ လက်မှတ်တွေ၊ ကားဝင်ခွင့်လက်မှတ်ကလည်း အနီရောင်ဆိုတော့ သွားလာရတာ အဆင်ပြေချော့မွေ့မယ် တွေးရင်း တနေ့လုံးညစ်နေတဲ့ စိတ်တွေကိုရှင်းရင်း အတွေ့အကြုံကုန်ကြမ်းလေးလည်း ရှာရင်းဆိုပြီး အကယ်ဒမီ ပွဲနွှဲဖို့ သူငယ်ချင်းဖြစ်သူနဲ့ ပြင်ဆင်ပါတယ်။

အကယ်ဒမီပွဲဆို အဖြူနဲ့ပုဆိုးတဲ့။ အရင်နှစ်တွေက တီဗွီမှာလာတာ ခဏတဖြုတ်ကြည့်မိတော့ တိုက်ပုံတွေနဲ့ ယောက်ျားသားတွေရယ် အကျီရင်ဟိုက်တွေနဲ့ မိန်းမသားတွေရယ် မြင်မိသလိုလိုရှိတော့ အကျီအဖြူနဲ့ ပုဆိုးပေါ့လေ။ ရွှေရောင်ရင်ထိုးလေးနဲ့ဆို အမ်မလေး ကိုယ့်ကိုမင်းသားနဲ့များ မှားသွားကြလေမလား အတွေး တောင်မှားမိပါတယ်။ ဘယ်သူမှားမှား မမှားမှားပေါ့ ကိုယ်က မင်းသားမောင်ဘကြိုင်ပဲမဟုတ်လား။ ဒီလိုနဲ့ အကယ်ဒမီပွဲကျင်းပရာ နေပြည်တော်မြို့တော်ခမ်းမရောက်တော့ ပိတ်နေလိုက်တဲ့ ကားတန်းကြီး ပျင်းစရာကောင်းလွန်းတယ်။ တရွေ့ရွေ့နဲ့ ရှေ့ဆက်တိုးရင် အဝင်ဝင်းပေါက်ရောက်တော့ ကားတွေကိုစစ်ဆေး နေတာတွေ့တယ်။ ဝင်ခွင့်လက်မှတ်အနီရောင်ကပ်ထားတဲ့ ရွှေငါးကိုကြည့်ပြီး အနီရောင်လို့လှမ်းအော်ပြီး မစစ်ဆေးတော့ပဲ ဝင်ဖို့လက်ပြရင်း ဖော်ဖော်ရွေရွေပြုံးပြတယ်။ ဒီတော့ လူ့သဘာဝအတိုင်း နည်းနည်းတော့ဘဝင်မြင့်ချင်ချင် ပေါ့လေ။ ဘာအသားနဲ့ထုထားတာမှတ်လို့ ဟုတ်ဖူးလား။

ကားရပ်တဲ့နေရာမှာ ရပ်ပြီးခါမှာတော့ သူငယ်ချင်းဖြစ်သူနဲ့နှစ်ယောက်သား ယောင်နနနဲ့ ဝင်ပေါက်ရှာပါတယ်။ ဒီလိုပွဲမနွှဲဖူးကြလေတော့ ဗွီအိုင်ပီလက်မှတ်ကိုင်လာပေမယ့် ဗွီအိုင်ပီအပေါက်ဘယ်မှာမှန်း မသိကြဖူး။ နီးရာ တာဝန်ရှိသူမေးတော့ လမ်းညွှန်ရှာတယ်။ ဂလိုနဲ့အပေါက်တွေ့ပြီး ခြေကုန်သုတ်တာပေါ့။ ထိုင်ခုံတန်းရှိရာက အရှေ့နားလေးတင်ဆိုတော့ သိပ်မရှာရပါဖူး။ စင်မြင့်ရှေ့မှာတော့ မင်းသားမင်းသမီးတွေနဲ့ ပရိတ်သတ်တွေ မျက်စိရှုပ်မတတ် ဓတ်ပုံတဖျပ်ဖျပ်ရိုက်နေကြတာပေါ့။ ကိုယ်ကတော့ မင်းသားဆိုပေမယ့် ကိန်းကြီးခန်းကြီးဒီလို နေရာမျိုးမှာ အမှတ်တရဓတ်ပုံသိပ်မရိုက်ချင်ပေါင်။ မင်းသမီးတွေဘယ်လိုချောချော တွဲမရိုက်ချင်ပေါင်။ စတယ်ကြီးနဲ့ ဘဝင်ကိုင်ပြီး ဟိုကြည့်ဒီကြည့်ပေါ့။ ဂလိုမျိုးမကြုံဖူးဘူး မဟုတ်လား။


မင်းသားမင်းသမီးတွေရောက်လာရင် ဟိုနားဝုန်းဝုန်းရုံးရုံးပြေး ဒီနားအုံးအုံးထနေအောင်ပြေးလွှားနေကြတဲ့ သူတွေကြည့်ပြီး ညစ်ကျယ်ကျယ်တွေးမိတယ် ခြေထိုးလဲလိုက်ရင်တော့ ကြည့်ကောင်းမှာလို့လေ။ သိပ်မကြာခင် ဒုတိသမ္မတကြီး ကြွလာပါရော။ ဖွင့်ပွဲစပါရော။ မင်းသမီးလေးတွေက မြန်မာဆန်ဆန်ဝတ်စားလို့ မြန်မာ့အကနဲ့ ဖျော်ဖြေကြတယ်။ ပြန်ကြားရေးဝန်ကြီးက မိန့်ခွန်းချွေတယ်။ ပြီးတော့ ဆုစပေးပါတယ်။ ပြောခဲ့သလို လေးငါးဆယ်ကားကို ရွေးပေးတာဆိုတော့ ဆိုတော့ပေါ့လေ။ ကိုယ်စိတ်ဝင်စားနေတာက ထိုင်ရတဲ့ထိုင်ခုံပေါ်ချထားပေးတဲ့ အထုပ်။ ဘာအထုပ်များပါလိမ့်ပေါ့။ ဘေးဘီဝဲယာမှာ ထိုင်နေတဲ့ လူတွေရှိ လေတော့ ဟန်ကိုယ်ဖို့ထိုင်ရင်း အထဲဘာများပါမလဲ အရမ်းသိချင်နေတာ။ ဆုတွေကြေငြာတယ်။ လက်ခုပ်တော့ မတီးမိဖူး။ အထုပ်ဖြေကြည့်တယ်။ တော်သေးတယ် ချိန်ကိုက်ဗုံးများဆို မောင်ဘကြိုင်တို့ မာလကီးယားပြီလို့တွေးမိတယ်။ အထုပ်ထဲမှာ ရေဗူးရယ်၊ မုန့်လေးငါးတုံးပါတဲ့ ဗူးလေးရယ်၊ TV guideတစ်အုပ်ရယ်၊ Now magazine တစ်အုပ်ရယ်၊ အရင်နှစ်တွေက ရုပ်ရှင်ကားတွေအကြောင်းစာအုပ်လေး ရယ်။ ဗိုက်ဆာတာနဲ့ မုန့်လည်းကုန်၊ ရေဗူးလဲကုန်ပေါ့။


အထုပ်လေးကိုင်ကြည့်လိုက် အချိန်ကြည့်လိုက်၊ ရေဗူးကုန်အောင်သောက်ပြီး အပေါ့သွားချင်လာတာနဲ့ ဆုပေးပွဲက ကိုယ်နဲ့မဆိုင်တော့သလိုလိုဖြစ်လာရော.......
၁။ အငိုမျက်လုံးအပြုံးမျက်နှာ
၂။ အာဒမ်ရယ် ဧဝရယ် ဒသရယ်
၃။ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်
၎။ ပင်လယ်ထက်က နေဝန်းနီ
စတဲ့ရုပ်ရှင်ကားတွေကနေ မင်းသားဝေဠုကျော်(ဇတ်ပို့)၊ မင်းသမီး သက်မွန်မြင့်၊ ဝါဝါအောင်(ဇတ်ပို့)၊ ဒါရိုက်တာ ပန်းချီစိုးမိုး(ဓတ်ပုံ)၊ ဒါရိုက်တာ ခင်မောင်ဦး၊စိုးသိမ်းထွဋ်(ဒါရိုက်တာ) ဆုတွေကိုဆွတ်ခူးသွားခဲ့ကြပါတယ်။ဒါလောက် ပဲမှတ်မိပါတယ်။

အလှည့်ကျယူနေသလိုဖြစ်တဲ့ အကယ်ဒမီဆုပေးပွဲကို မောင်ဘကြိုင်သိပ်ရင်မခုန်ပါဖူး။ ရှိတာမှ ဆုပေးရလောက် အောင်ကောင်းတဲ့ ရုပ်ရှင်ကားက လက်ငါးချောင်းမပြည့်ပေဖူးလေ။ ထားပါလေ.........
သူတို့ရကြတာ သူတို့ဝမ်းသာသလို မောင်ဘကြိုင်လည်း ဝမ်းသာပါတယ်။ မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မာ လာဖို့လည်း မျှော်လင့်မိပါတယ်။ ပေါ့ရွှတ်ရွှတ်ဇတ်လမ်းတွေနဲ့ ရိုက်စားကားတွေထက် တန်ဖိုးရှိတဲ့ ပြည်သူ့အကျိုးပြုကားတွေ၊ မြန်မာ့ယဉ်ကျေးမှုကိုယ်စားပြုတဲ့ ကားတွေပိုများလာဖို့လိုတယ်ထင်မိတယ်။ ဇာတ်ရုပ်ဇာတ်ကွက်တွေထဲ သုံးနှုန်းတဲ့ စကားလုံးတွေ ဒိုင်ယာလော့တွေကအစ လူငယ်တွေအတွက် တန်ဖိုးရှိလာပါစေလို့ ဆုတောင်းရင်း အကယ်ဒမီပွဲအပြန် ကားတွေပိတ်ကြပ်နေလို့ စိတ်ညစ်ခဲ့ရပါတယ်။
အိမ်ပြန်ရောက်တော့ ကင်မရာကိုဖွင့်ကြည့်တဲ့ တစ်ယောက်သောသူငယ်ချင်းက စိတ်ပျက်လက်ပျက်ပြောရှာပါတယ်။ မင်းသားမင်းသမီးပုံမပါလို့ပါတဲ့။ ကြည့်ချင် နောက်နေ့ထွက်တဲ့ ဂျာနယ်ဝယ်ဖတ်ချေ ပြောရင်း အိပ်ရာဝင်ခဲ့ပါတယ်။





မောင်ဘကြိုင်

Monday, February 6, 2012

ညီကိုရောင်းရင်းတို့

ညီကိုရောင်းရင်းတို့


ညီကိုရောင်းရင်းတို့

သဒ္ဒါမနိုင် စာမပိုင်ငြား

ဝါသနာအတိ စိတ်အပြည့်နဲ့

နှစ်သက်အားရ ရေးသားကြမို့

ကဗျာသည် ကဗျာ

စာသည် စာ လှမြဲလှပါသည်



ညီကိုရောင်ရင်းတို့

ခံစားစိတ်တွေး ဒီဘဝလေးထဲ

စာစီကဗျာသီ ဝေမျှပေးသည်

ယူသင့်ယူအံ့ ပယ်သင့်ပယ်အံ့

တို့အမြဲမှတ်



ညီကိုရောင်ရင်းတို့

သူကား ဘာ ငါကား ဘာ

ဘာ...ဘာကောင်လဲ

ဘာမများပဲ လမ်းအတူလျှောက်သူ

ခရီးတူသွားသူ နှလုံးမှုက

အေးချမ်းလှမို့ စာအစဉ်ကို

ယဉ်ကျေးပျုလို့ နုနုရွရွလှလှပပ

ဖန်တီးဝေဆာ အေးချမ်းလှတာ



ညီကိုရောင်ရင်းတို့

ကဗျာချစ်သူ စာချစ်သူတို့သည်

ဘယ်ချိန်ဘယ်သောခါမှ စိတ်ဆိုးနှင့်

စာဆိုးကဗျာဆိုးကို မမွေးမြူတတ်ပါ

သို့ကြောင့်သို့ပင်

စာပေပန်းခင်း လှမြဲလှနေသည်တည်း........




မောင်ဘကြိုင်