ခြ
ခြသတ္တဝါတွေရဲ့ အဖျက်စွမ်းအားကြီးမားမှုကို
လူတိုင်းသိပြီးသားပါ။ ခြသတ္တဝါတွေကိုတိုက်ဖျက် ချေမှုန်းဖို့ပိုးသတ်ဆေး အပြင်းစားတွေ
အသုံးပြုဖို့ လိုအပ်သလို တိုက်ဖျက်သူတွေကိုယ်တိုင်လည်း ဆေးဝါးအနံသက်ဒဏ်ဆိုးကျိုးကို
အနည်းနဲ့များခံစားကြရတယ်ဆိုတာလည်း လူတိုင်းသိပြီးသားပါ။ ခြဆိုတဲ့ အဖျက်ပိုးမွှားတိရစ္ဆာန်တွေကို
လူတိုင်းရွံ့ရှာမုန်းတီးကြပါတယ်။
ထို့အတူပဲ လူတွေထဲမှာလည်း ခြသတ္တဝါနဲ့တူတဲ့
လူအများပြားရောပြွမ်းနေပါတယ်။ သူတို့ဟာ လူတွေကြားထဲမှာ နေထိုင်ပြီး အဖိုးတန်မျက်နှာဖုံးလှလှတွေနဲ့
သူတို့ရဲ့ ခြသဏ္ဍန်ကိုဖုံးအုပ်ထားကြတယ်။ ဒါကြောင့် လူအများက သူတို့ကိုလူသားခြတွေမှန်း
သိသိကြီးနဲ့ မျက်နှာဖုံးလှလှတွေကြောင့် ကြည့်ပျော်ရှုပျော်ထင်နေကြရတယ်။ ဘာကြောင့်လည်းဆိုတော့
သူတို့က ဟန်ဆောင်နေတဲ့ ခြတွေကိုး။
ဒီလိုလူတွေထဲရောပြွမ်းနေတဲ့ ခြတွေကြောင့် လူ့အသိုင်းအဝိုင်း၊
အဖွဲ့စည်းတခုလုံးရဲ့ ရွှေရောင်မျှော်လင့်ချက်တွေဟာ တစစပြိုလဲပျက်စီးနေရပါတယ်။ ကြိုးစားသလောက်
အရာထင်မှုမရှိ အချည်းနှီးဖြစ်ရတယ်။ နိုင်ငံနဲ့ပြည်အကျိုး ကျေးဇူးရှေးရှုတဲ့ လုပ်ငန်းစဉ်တိုင်းမှာ
အကျိုးဆောင်ကြသူများကြားထဲမှာ လူ့ခြသတ္တဝါတချို့က ရေထွေးပြီး စားရသမျှအရာအားလုံး ကိုစားသောက်ကြပါတယ်။
တတိတိနဲ့စားပစ်လိုက်ကြလို့ အခြေခံအဆောက်အအုံး အများအပြားဟာ ပျက်စီးပြိုပျက်သွားရပါတယ်။
လူ့အသိုင်းအဝိုင်းအတွက် အဖျက်တရားကျင့်နေကြတဲ့
လူခြသတ္တဝါတွေကို မုန်းတီးတန်ကောင်းပါရဲ့။ သူတို့ကို ဟန်ဆောင်ပန်ဆောင် ကြည့်နေကြအုံးမှာလား။
ဒါမှမဟုတ် ဆေးဝါးအပြင်းစားတွေသုံးပြီး နှိမ်နင်းကြမှာလား။ ဘယ်နည်းကို ရွေးကြမှာလဲ။
လူ့ခြများရှင်သန်ပုံဝါကျအချို့
မဆိုးပါဖူး
သူ့ဝင်ငွေလေးက အောက်ဆိုက်ကြားပေါက်လေးတွေနဲ့
ပေါင်းလိုက်ရင် တော်တော်အဆင်ပြေရှာတယ်။
အမ်မလေးတော် တစ်လတစ်လ သိန်းဆယ်ချီနေတာ၊
ရတယ်လေ ဟိုဌာနက ဟိုရာထူးယူထားတာ သိလား အဲဒါကြောင့်ပြောရတယ် အိမ်က သားသမီးတွေကိုကြိုးစားပါ
ကြိုးစားပါလို့ ပညာတတ်မှ နေရာကောင်းရမှာလေ ဟုတ်ဖူးလား။
အဲဌာနမှာလား အဆင်ကောပြေရဲ့လား လစာနည်းနည်းလေးနဲ့
ကြားပေါက်မရှိဘာမရှိ
သူများတွေများ အဆင်ပြေလိုက်တာနော်....
ရှင့်မှာတော့ ပြောကိုပြောချင်ဖူး တကယ်တည်း
အထက်ပါဝါကျတွေကို ကြားဖူးနားဝရှိကြမှာပါ။
တချို့က ခေါင်းစဉ်တပ်ကြတယ်။ မိုးခါးရေအတူတူ သောက်ကြတာပါတဲ့။ ကျွန်တော်တို့ အားလုံးက
အထင်သေးရမယ့်၊ ရှက်ရမယ့်၊ မကြွားသင့်တဲ့ အကြောင်းအရာတွေကို မြိန်မြိန်ယှက်ယှက် ဂုဏ်ယူဝင့်ကြွားရင်း
နေသားတကျကြွားဝါဂုဏ်ယူ ပျော်မွေ့နေကြပြီ။ ဒီလိုအနေထားမျိုးမှာ ကျွန်တော်တို့တပြည်သားလုံး
မျှော်လင့်နေတဲ့ မြန်မာနိုင်ငံဦးမော့လာရေးဆိုတဲ့ ဆန္ဒကို အကောင်ထည်ဖော်ဖို့ တော်တော်ခက်ပါလိမ့်မယ်။
အကျင့်ဆိုတာမျိုးက အပြင်ခက်တတ်တာကိုး။ အပြင်ခက်တယ် ဆိုပေမယ့် စိတ်လိုလက်ရနဲ့ ညီတူညီမျှစိတ်မွေးပြီး
ကြိုးစားပြုပြင်မယ်ဆိုရင် မဖြစ်နိုင်ပေဖူးလား။ ကျွန်တော်တို့ တလွဲပျော်မွေ့နေတဲ့ စိတ်တွေကို
မပြုပြင်နိုင်ပေဖူးလား။
စီမံကိန်းများမှ အယိုအစိမ့်များ
ယန္တာရားကြီးတွေနဲ့ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက်
စီမံကိန်းပေါင်းစုံလုပ်ကိုင်ကြတယ်။ ငွေသန်းပေါင်းမြောက်မြားစွာ အကုန်ကျခံခဲ့ရတယ်။ စီမံကိန်းတွေပြီးစီးသွားတယ်။
ငွေတွေအများကြီးကုန်သွားတယ်။ ဒါပေမယ့် ရှိရမယ့် ခိုင်ခံမှု လိုအပ်တဲ့ အရည်သွေးကို မရခဲ့ဖူး။
ဘာကြောင့်လည်း ............
(၁) ဆိုရေးရှိက
ဆိုချင်ပါသည်
မြေအောက်အမြန်ရထားလမ်း ဖောက်ဖို့မလိုအပ်သေးပါဖူး။
ပထမဦးဆုံး လှေကားထစ်တွေကို တစ်ထစ်ချင်းဆီ တက်လှမ်းတာကောင်းပါတယ်။ အရင်ဆုံး ရန်ကုန်မြို့အပါအဝင်
နိုင်ငံတဝန်းလုံးမှာရှိတဲ့ ရထားလမ်းတွေကို ပျက်စီးဆုံးရှုံးမှုနည်းအောင် ပြုပြင်ပြီးသွားလာနေတဲ့
ရထားတွေကိုမြန်နှုန်းမြင့်နိုင်ဖို့ ခရီးသွားချိန်လျော့ချနိုင်ဖို့ သက်တောင့်သက်သာစီးနင်းနိုင်ဖို့
ပြုပြင်မှုတွေလိုအပ်ပါတယ်။
တနေ့တခြားလူဦးရေထူထပ်လာတဲ့ ရန်ကုန်မြို့ကြီး ယဉ်ကြောပိတ်ဆို့မှုနည်းပါးလာအောင်
ဘာတွေလုပ်သင့်သလဲ နည်းနည်းတွေးကြည့်ကြမယ်။ မြို့ပတ်ရထား အဆင့်တန်းမြင့်လာဖို့လိုအပ်လာပါပြီ။
အချိန်မှန်ပြီး မြန်ဆန်ဖို့လုပ်ဆောင်သင့်ပါပြီ။ အဆင့်မြင့် ရထားတွဲတွေဖြစ်လာဖို့ ဆောင်ရွက်သင့်ပါပြီ။
ကုန်စည်ရထားသန့်သန့် လူစီးရထားသန့်သန့် စည်းကမ်းတကျ ရှိဖို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန
အလုပ်လုပ်သင့်ပြီ။ နိုင်ငံတော်က အလုပ်စလုပ်ဖို့ အချက်ပြလိုက်တဲ့နောက် ပိုင်းမှာ ကိုယ်စီကိုယ်စီဌာနဆိုင်ရာအလိုက်
ခေါင်းဆောင်ပိုင်းက ထိုင်ခုံပေါ်ခွထိုင်ပြီး အချိန်မဖြုန်းပဲ အကောင်းဆုံးနည်းလမ်းတွေးကြံဆပြီး
အကောင်ထည်ဖော်သင့်ပါပြီ။ အဂတိလိုက်စားမှုနည်းပါးလာအောင်
ဘယ်နည်းကိုသုံးရင်ကောင်းမလဲတွေးနေရုံ မပြီးသေးပါဖူး။ ပြောင်းလဲမှုဆိုတဲ့ခေါင်းစဉ်နောက်ပိုင်းမှာ
ပြောင်းလဲမှုပြုနိုင်မယ့်သူကို ဆိုင်ရာဆိုင်ရာ လုပ်ပိုင်ခွင့်တွေပေးပြီး ဖော်ထုတ်တင်ပြလာတဲ့
လမ်းကြောင်းကို ဝိုင်းဝန်းဆန်းစစ်အတည်ပြု အကောင်ထည်ဖော်တဲ့နည်းကို သုံးသင့်ပါတယ်။
ဥပမာ- ဆိုကြပါစို့။
စာရေးသူအတွေ့အကြုံကိုတင်ပြပါ့မယ်။ မင်းဘူး-အမ်းအဝေးပြေးကားလမ်းဖောက်တယ်။ ဘတ်ဂျက်တွေချပေးလိုက်တယ်။
လုပ်ငန်းတွေလုပ်ကြတယ်။ အခုသွားကြည့် ဆိုးရွားစုတ်ပြတ်နေတဲ့လမ်း ကြောင်းကိုမြင်တွေ့ရပါလိမ့်မယ်။
ဘာကြောင့်လည်း အလုပ်တွေတော့လုပ်ပါရဲ့။ စနစ်တကျမရှိလို့ လမ်းကောင်း တခုဖြစ်မလာခဲ့ပါဖူး။
စနစ်ဆိုတာ ဘာလဲ။ လူတိုင်းသိတယ်။ ဒါပေမယ့် စနစ်တကျရှိဖို့ မကြိုးစားခဲ့ဖူး။ ဒီတော့ ငွေတွေကုန်သွားလည်း
ဖြစ်မလာဖူး။ လုပ်ကွက်တွေကို ပါမစ်ချပေးလိုက်တယ်။ ရတဲ့ကုမ္မဏီက ရလာတဲ့ လုပ်ကွက်တွေကို
မိုင်အပိုင်းအခြားနဲ့ တခြားကုမ္မဏီတွေကိုတဆင့်ပြန်ပေးလုပ်တယ်။ လုပ်ကြတယ် ဝုန်းဒိုင်းကြဲ
ဒါပေမယ့် စနစ် (သို့) စံနှုန်းမရှိခဲ့ဖူး။ လမ်းကြောင်းတခုလုံး ဖြစ်သလိုလမ်းဖော်သွားတယ်။
ဝန်ကြီးကဖိအားပေး တယ်။ ထုံးစံအတိုင်းဖာအလုပ်လုပ်သွားတယ်။ ဟိုနားဖာ ဒီနားဖာပေါ့။ ဟော
မိုးရာသီကျတော့ ဝေါခနဲ့ဟိုကပြို ဒီကပြို ကားသွားလို့မရတော့ဖူး။ ဆိုလိုတာက လမ်းကြောင်းအစအဆုံး
မနိုင်ရင်မလုပ်နဲ့အုံး။ ဆယ်မိုင်နိုင်ရင် ဆယ်မိုင်ကို သတ်မှတ်လမ်းအကျယ်အဝန်း တောင်းခါးပန်းတွေကို
သတ်မှတ်ဒီဂရီအတိုင်းဖြိုပြီး တောင်စောင်း တလျှောက်မြက်ပင်သစ်ပင်ပြန်မွေးစိုက်။ တောင်ကျရေလွှဲမြောင်းတွေကို
အခိုင်ခန့်လုပ်။ ဒါဆို ဘယ်လိုမိုးကြီးပါစေ ပျက်စရာအကြောင်းမရှိတော့ပါဖူး။ အခုက ဖင်မနိုင်ပဲကြီးဟင်းလွေးဆိုသလို
တလမ်းလုံးလုပ်တော့လုပ်သွားပါရဲ့။ ပလုံဆိုတဲ့အသံတောင်မကြားလိုက်ရပါဖူး။ အခုဘယ်သူက ဘယ်လို
လိုအပ်လို့ ဆိုတဲ့သတင်းဘာမှ မကြားရပါဖူး။ ကုန်တော့ကုန်သွားပါပြီ။
အခုလည်းဒီအတိုင်းပါ....
ရလာတဲ့ ကျလာတဲ့ ဘတ်ဂျက်အရ နေရာစုံဖြစ်သလိုလိုက်ဖာထေးမနေပဲ လမ်းကြောင်း တစ်ကြောင်းကို
အပိုင်လုပ်နိုင်ရပါမယ်။ ရန်ကုန်-မန်း ရထားတွေကို အဆင့်မြင့်မယ် ဝန်ဆောင်ခတိုးကောက်မယ်။
ဘယ်သူအော်နေအုံးမှာလဲ။ အဓိကကျတာက လွယ်ကူချောမွေ့စေဖို့။ အချိန်တိကျဖို့ သွားလာချိန်နည်းပါးလာဖို့။
ဝန်ဆောင်မှုအပြည့်ရဖို့ပေပဲ။ ဘူတာရုံတွေ စနစ်တကျရှိပြီး ထိန်းချုပ်မှု စီမံကွပ်ကွဲမှု
ရာခိုင်နှုန်းပြည့်ဖြစ်ဖို့ မလုပ်နိုင်ဖူးလား။ ပြောခဲ့သလို ဆိုင်ရာဌာနမှာ နိုင်ရာလူကို
ဝကွက်အပ်ပြီး ဝိုင်းဝန်းဆန်းစစ်အတည်ပြု အကောင်ထည်ဖော်ဖို့ပဲလိုတာပါ။ အဲ....နာမည်ပဲခံခိုင်းပြီး
လုပ်ပိုင်ခွင့်က အပေါ်ကပြောသမျှဆိုရင်။ အပေါ်ကလူတွေကလည်း ပါလေရာ မောင်တိုးလုပ်ပြီး ငပိချက်ပြန်လုပ်နေရင်
အောင်မြင်မှုတိုးတက်မှုဆိုတာ စာအုပ်ထဲမှာ ဆိုင်းဘုတ်ပေါ်မှာပဲ ရှိနေတော့မှာပါ။
(၂) တိုက်တွန်းချင်ပါသေးသည်
မြန်မာပြည်မှာ
အထင်ကရ လုပ်ငန်းစုရှင်ကြီးတွေ လက်ညိုးချိုးရေတွက်လို့ရပါတယ်။ တချို့တွေရဲ့အသံကို ကြားရတာ
ဝမ်းသာစရာပါ။ အကျိုးပြုလုပ်ငန်းတွေလုပ်ပါတယ်တဲ့။ တခုတိုက်တွန်းချင်ပါသေးတယ်။ ရန်ကုန်မြို့ကြီးမှာ
လုပ်သားပြည်သူတွေသွားရေး လာရေးအဆင်ပြေစေဖို့ ဘတ်စ်ကားလိုင်းတွေ စည်းကမ်းတကျ ရှိဖို့အကျိုးပြုစေချင်ပါတယ်။
ဥပမာ- လုပ်ငန်းစုတခုကနေ လိုင်းထောင်တာမျိုးပေါ့။ ကားသမားနဲ့ စပယ်ရာတွေကို လခစားအဖြစ်ထား။
ကားလက်မှတ်တွေရောင်း လက်မှတ်စစ်နဲ့စစ်။ အချင်းချင်း စားမာန်ခုတ်ကျော်တက် ရမ်းသမ်းမောင်းတာမျိုးတွေမရှိရလေအောင်
အချိန်နဲ့ထွက် အချိန်နဲ့ရပ် စည်းကမ်းတကျဖြစ်စေဖို့ လုပ်ပေးစေချင်တယ်။ အုံနာမျိုးစုံ
တလိုင်းထဲမှာ များနေတာမျိုး အပြိုင်ဆိုင်ဖြစ်နေတာမျိုးက လက်ရှိအနေထားတွေဖြစ်နေပါတယ်။
တိုးဝှေ့ကြပ်သပ်နေအောင်တင် အတင်းလုယက်မောင်းနဲ့ အထိအခိုက်များလှပါတယ်။
နိုင်ငံတကာ
(သို့) အိမ်နီးချင်းနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ စနစ်တွေဟာ အတုယူသုံးပြုနေတဲ့ စနစ်တွေပါပဲ။
အမျိုးမျိုး ကိုယ့်နည်းကိုယ့်ဟန်နဲ့ အချိန်ကုန်ခံစမ်းသပ်နေစရာမလိုတော့ပါဖူး။ ရန်ကုန်မြို့မက
ကြီးမားလှတဲ့ မြို့ကြီးတွေမှာ သူတို့အဆင်ပြေအောင်သုံးစွဲအောင်မြင်ပြီးသား နည်းစနစ်တွေပါ။
လုပ်ပေးကြပါ။ ဒီအချိန်မှာ နိုင်ရာအခန်းကဏ္ဍကနေ လက်တွဲခေါ်ဆောင်ပေးရင် မြန်မာတမျိုးသားလုံး
ကောင်းစားလာမှာပါ။ မြန်မာပြည်တွင်း လုပ်ငန်းရှင်ကြီးတွေ ဆိုတာလက်ညိုးထိုးရေတွက်လို့ရပါတယ်။
သူတို့ရင်းနှီးမြုပ်နှံမှုတွေကို တစေ့တစောင်းကြည့်မယ်ဆိုရင် ငွေပေါ်မြန်ငွေမြတ်များတဲ့
လုပ်ငန်းတွေကိုသာ အာရုံထားလုပ်ကိုင်နေကြပါတယ်။ အခြေခံကျပြီး ရေရှည်စီးပွားရေးမြုပ်နှံမှုမျိုး၊
ကိုယ်လုပ်ငန်းကိုအမှီသဟဲပြုမယ့် လုပ်သားတွေရေရှည်အကျိုးတွေ ရေရှည်ဦးတည်ထားတာမျိုးရှားလွန်းပါတယ်။
စာရေးသူ တောနယ်ဘက်တွေရောက်သွားရင် လောင်စာအတွက်အဆင်မပြေမှုတွေကို အမြဲတွေ့မြင်ရပါတယ်။
နှစ်ပေါင်းမြောက်မြားစွာ ထမင်းချက်ဟင်းချက်အတွက် လောင်စာကိုတောထဲက သစ်ပင်တွေထင်းခုတ်
မီးသွေးဖုတ်ပြီးဖန်တီးရယူရာက အခုချိန်မှာ သစ်ပင်ခုတ်ထောင် ဘယ်နယ်နှစ်ဆိုတဲ့ ဥပဒေကြောင့်
တောသူတောင်သားများမှာ အပူတခုပွားနေရပြန်ပါပြီ။ အလွန်ဆုံးသစ်ကြီးဝါးကြီးတွေ ခုတ်အိမ်ဆောက်ထားရင်
အိမ်တလုံးသက်တမ်း နှစ်သုံးဆယ်ဆိုလည်း ခိုင်ခန့်ပါသေးတယ်။ လောင်စာထင်းအတွက် ခုတ်သည်ဆိုသော်ငြားလည်း
တရားဝင်ခုတ်လှဲ ရောင်းချခွင့်ရရှိထားသူများကဲ့သို့ သစ်ရရင်ပြီးရောခုတ်ထွင်မှုမျိုးလည်း
သူတို့မလုပ်ရပါဖူးတဲ့။ လမ်းကြောင်းစီမံကိန်းတခုစပါပြီဆိုရင် ဆိုင်ရာတာဝန်ခံ အရာရှိတွေကစီမံကိန်းအသုံးပြုရန်
ခေါင်းစဉ်တပ် ကားကြီးကားငယ်အသွယ်သွယ်နဲ့ ခုတ်လှဲရောင်းချတာမျိုးကျတော့ မျက်စိမှိတ်နားပိတ်ထားကြပါသတဲ့။
ထင်းရှာလေး လှည်းငယ်တစီးခုတ်မိရင်ဖြစ်ဖြစ် နယ်သူနယ်သားတို့လောင်စာအတွက်ကားနဲ့ တင်မိရင်ဖြစ်ဖြစ်
လှည်းရောလူရော ကားရောအားလုံးကို ဖမ်းတော့တာပါတဲ့။ ဒီလိုဆို ဓတ်ငွေ့မရှိ လျှပ်စစ်မရှိတဲ့
သူတို့ရပ်ရွာမှာ ချက်ပြုတ်စားသောက်ဖို့ ဘယ်လိုဖန်တီးရမှာလဲဆိုတာ ခေါင်းကြိမ်းတော့တာပါတဲ့ဗျား။
ဟုတ်တော့လည်း ဟုတ်သည်ပဲ စာရေးသူသက်မောချမိပါသေးတယ်။
ဓတ်ငွေ့ဆိုလည်း ပြည်တွင်းထက် ပြည်ပရောင်းချတာများတာကိုး။
အဲ...လျှပ်စစ်ဆိုတာကလဲ လုပ်လိုက်တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ မြို့ကြီးပြကြီးတွေဆီမှာတောင်
မီးအားမြင့်စက်သုံးနေရတုန်းဆိုတာမို့ နယ်သူနယ်သားများအတွက် နည်းနည်းဝေးသေးတာပေါ့လေ။
တိုင်းပြည်စည်ပင်ဖွံ့ဖြိုးဖို့ဆိုရင် တိုင်းသူပြည်သားအားလုံး တက်ကြွလန်းဆန်းနေရမှာ
မဟုတ်လား။ စည်းလုံးချစ်ခင်ဖို့ဆိုတာကလည်း အားလုံးတန်းတူအခွင့်တူကာမှ ဖြစ်လာမှာမဟုတ်လား။
တရားဝင်သစ်ခိုးခွင့်ရယူထားကြတဲု့လုပ်ငန်းရှင်ဆိုသူများကိုတော့ မေတ္တာပို့ပေးမိ သပေါ့။
တနေရာမှာ
တခုသောအသံကြားမိလိုက်ပါသေးတယ်။ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးဆိုသူက မြန်မာနိုင်ငံသား
ဖြစ်နေလို့ ဂုဏ်ယူဖွယ်ကောင်းပါတယ်တဲ့။ ဂုဏ်ယူချင်ပါသော်ငြားလည်း ဂုတ်သွေးစုတ်ကြီးပွားလာသူတချို့ကို
တော့ အားမပေးချင်ပါဘု။ တီဗွီသတင်းတချို့ကို ကြုံလို့များကြည့်မိရင် တွေ့ပါလိမ့်မယ်။
နေရာကဏ္ဍစုံမှာ ရောပြွမ်းနေတဲ့ ခြလူသားတွေကို နိုင်သလောက်သုတ်သင်ရှင်းလင်းကြရလိမ့်မယ်။ သူတို့ကိုနိုင်တဲ့ ဆေးဝါးပြင်းပြင်းတွေသုံး နှိမ်နင်းရမှာမို့ နှိမ်နင်းသူများအတွက်လည်း အဆိုးကျိုးအနည်းကျဉ်းရှိချေမည်။ သတိထားကြပါ။
ထို့အပြင်
ဒုသမ္မတက ပြည်နယ် တွေသွားရင် နောက်ကလိုက်ပြီး အလှူဒါနပြုတဲ့ အလှူရှင်ကြီးတွေကို။ ဘာကုမ္မဏီ
ညာကုမ္မဏီကြီးတွေရဲ့ အလှူကို သာဓုခေါ်ချင်ပါရဲ့။ တမူးရလို့ တပဲလှူ အလှူစနစ်တွေကိုရပ်တန့်သင့်နေပါပြီ။
အကျိုးမျှော် ဆုတောင်း ရသော် ရပါလို၏ ရချင်ပါ၏ အမျှော်တရားလက်ကိုင်မထားကြပဲ နည်းလမ်းတကျ
အခွင့်ရေးတွေမျှယူကြရင်း နိုင်ငံအကျိုးမျှော် သမာသမတ်လမ်းမှန်ကိုလိုက်ပါနော်လို့ နိုးဆော်ရင်း
အဟံအဝေရာဟောမိ
မောင်ဘကြိုင်
14 comments:
ငွေတွေအများကြီးကုန်သွားတယ်။ ဒါပေမယ့် ရှိရမယ့် ခိုင်ခံမှု လိုအပ်တဲ့ အရည်သွေးကို မရခဲ့ဖူး။ ဘာကြောင့်လည်း--------
ဒါက လူတိုင်းသိပြီးသားပါဗျာ
ကောင်းကောင်းလုပ်ရင်ရတယ် တစ်ကယ်မလုပ်တာလေ
အိပ်ဖောင်းဖို့ပဲ ကြည့်တာကိုး
ကို့ညီရေးတာအရမ်းကောင်းတယ်
ကိုဘကြိုင်
ဘာလဲ သူများ အောက်ဆိုက် ကောင်းတာကို မနာလိုဖြစ်နေတာလား
ကိုယ့်ကုသိုလ် နဲ့ ကိုယ်ပါနော် ဟားးးးးးးးးး
စတာ ကိုဘကြိုင်ရေ သိပ်ကောင်းတယ်
ဟုတ်မှဟုတ်... ကိုဘကြိုင်ရေ။ ပြန်တုန်းလည်း ဒါမျိုးတွေ မြင်ခဲ့ရသေးတာပဲ။ ပြည်တော်ပြန်ကလည်း ဖွတ် ရှလွတ် ဆိုပြီး ပြန်ရောက်လာတာ၊ ဘာမှန်းတောင် မသိလိုက်ဖူး.....
ခြသတ်တာ.လွယ်လွယ်လေးပါအန်ကယ်ရာ
ဓာတ်ဆီလောင်းချလိုက်း)
(မပြောမပြီး၊မတီးမမြည်မို့
အားပေးပါတယ်။
ဒီလိုများများပြောမှ(နည်းနည်း)လှုပ်ချင်
လှုပ်လာကြမှား)
ခင်မင်လေးစားလျှက်
မိစံ
အောင်မြတ်လေးတော်ရေ
သူတို့ကွန်မက်တွေကြည့်ပြီးဘာရေးရမလဲတောင်မသိတော့ပါဘူး......
အင်ဂျင်နီယာတွေတွေဝင်ငွေကောင်းတယ်
ဦးလေးက အင်ဂျင်နီယာမို့လို့သိတာပါ
လျှပ်စစ်ဖက်လဲကောင်းတယ်
ဆောက်လုပ်ရေးဖက်လဲကောင်းတယ်ပုံဆွဲတဲ့သူတော့ဆွေမျိုးထဲမရှိလို့မသိပါဘူးနော်
ဒါတွေပြောရင် ဒေါတွေပါမယ်ဆိုတာ ဒီလိုကိစ္စရပ်မျိုးတွေပေါ့အကိုရယ်...
ကိုဘကြိုင်ပြောထားတာတွေ
အားလုံးမှန်၏.
အတွေးအခေါ်အရေးအသားလေးတွေကောင်းတယ်
'ခြ'ဆိုတဲ့သတ္တဝါဟာကြောက်စရာကောင်းတယ်
မောင်ဘကြိုင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုဘကြိုင်ရေ.. အဲဒါတွေသာပြောရရင်တော့ တစ်ထောင့်တစ်ညပုံပြင် လက်သစ်ကျမ်းတစ်စောင်များ ထွက်မလားပဲ..း))... မြန်မာပြည်မှာ စည်းကမ်းဆိုတာလည်းမရှိ၊ စနစ်ဆိုတာလည်းမရှိ.... နောက် တိတ်တိတ်လေးပြောဦးမယ်.. (တပည့်ဆိုတာလည်း မရှိဘူးခင်ဗျ.. )
ခင်မင်လျက်
နေ၀သန်
ဒီတစ်ခါ ခပ်ပြင်းပြင်းလေးရေးလိုက်ပါလား ကိုဘကြိုင်ရေ..။ ရေးထားတာ သဘောကျတယ်။ ဒါမျိုးလေးတွေ ဆက်ရေးပေးပါဦး။
ကိုကြီးဘရယ်..သူများပြောချင်တာတွေ အကုန်သွားပါပြီ အားပေးတယ် ဆက်ပြော..အမှန်တွေ အမှန်တွေ..ဒို့ ရွာက ကလေးတွေ ကျောင်းနေဖို့  ကျောင်းဆောက်ပေးဖို့  အုံးနော် ပညာရေးက အဓိက ကျတယ် နှောင်တစ်ခတ်မှာ လူငယ်တွေဦးဆောင်နိုင်ဖို့  အခြေံကျတဲ့ ပညာရေးအဆင့်မြင့်ကျောင်းတွေလည်း လိုအပ်တယ် မဟုတ်ရင် သူတို့  အသိုင်းဝိုင်းက လူတွေပဲ တော်ကြတာ နိုင်ငံခြားသွားတက်နိုင်တာကိုး..လူကြီးလာမှ အမှိုက်လှည်း သစ်ပင်ထုံးသုတ် ပန်းအိုးတွေငှား အဲ့လိုစနစ်တွေပျောက်အောင်ပြောပေးနော် အဲ့တော့ နောင်ခေတ်ကလူတွေနနိုင်ငံကိုဦးဆောင်နိုင်ဖို့ လည်းပြောပေးနော် ဦးလေးဘ..ဟဲဟဲ ပြောရရင်အများကြီးပဲ...မန်ဘာ 200 ပြည့်ရင် ၀င်အရွေးခံမလို့ ပါဆို..ခုတော့ အဟင့်..ကိုကြီးဘ ၀င်ပြိုင်ဗျာ ကျုပ်မဲထည့်မယ်..ထောက်ခံပါတယ်ဗျို့ ............................ ခင်မင်စွာဖြင့် မောင်တလုံး
ကိုဘကြိုင်ရဲ့ ကိုယ်တွေ့ထဲမှာဆိုရင် ပြောချင်စရာတွေ အတော်များနေမယ်လို့ မှန်းဆလို့ရပါရဲ့...
အဘသွားလေရာနောက်က လိုက်ပြီး လှူနေကြတဲ့ သကောင့်သားတွေ အခုထက်ထိ ရှိကြတုန်းပဲကိုး...ထောင်မြင်လို့ ရာစွန့်တဲ့ ကုသိုလ်တွေအကျိုးနဲ့တင် ရွှေပြည်ကြီးလည်း ဖွတ်သထက်ညစ်နေပါပြီလေ...
အားလုံးအတွက် ဖြေရှင်းနည်းကို တခုထဲပြောပါဆိုရင်တော့ ဒီမိုကရေစီစနစ်ပဲ။
စနစ်တိုင်း စီမံကိန်းတိုင်းကို စောင့်ကြည့်ခွင့်၊ မီဒီယာတွေကနေ ဖွင့်ချခွင့်၊ လူတိုင်းလူတိုင်း လူ့အခွင့်အရေး အပြည့်နဲ့ အမှားကို အမှားလို့ ရဲရဲဝံ့ဝံ့ ပြောခွင့်၊ စေတနာမမှန်တဲ့ စံချိန်မမှီတဲ့ လုပ်ငန်းခွင်တွေကို အမှန်တကယ်စစ်ဆေးခွင့် အရေးယူခွင့်.... စတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတွေ အပြည့်ရှိလာတဲ့နေ့မှာ တခြားနိင်ငံတွေလိုပဲ တိုးတက်လာပါလိမ့်မယ်။ မိုးမျှော်တိုက်ကြီးတွေ မတိုးတက်လာခဲ့ရင်တောင် စစ်မှန်တဲ့စနစ်တွေ လုပ်ထုံးလုပ်နည်းတွေ တိုးတက်လာမှာပါ။
မှန်တာပြောရင် လူတွေက မကြိုက်ကြဘူးနော်
Post a Comment